Wednesday, January 23, 2013
သောက်သုံးရေ များတွင် Arsenic ဓာတ်ပါဝင်မှု များသော မြို့နယ်များသို့ သွားရောက် လေ့လာရေး ဆွေးနွေး
ရန်ကုန် ဇန်နဝါရီ ၂၃
ရေအရင်းမြစ် အသုံးချရေး ဦးစီးဌာန၊ အဆင့်မြင့် ပညာ ဦးစီး ဌာနနှင့် အမေရိကန် ပြည်ထောင်စု ကိုလံဘီယာ တက္ကသိုလ်မှ Geochemist ပညာရှင် များ ပူးပေါင်း၍ Applied Research အသုံးချ သုတေသန လုပ်ငန်းများနှင့် WHO ၏ စစ်တမ်းများ အရ သောက်သုံးရေ များတွင် Arsenic
ဓာတ်ပါဝင် မှုနှင့် ပတ်သက်သည့် နည်းပညာ ဆိုင်ရာ ပညာရှင် စာတမ်း ဖတ်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာ ခန်းမ၌ ကျင်းပရာ ရေအရင်းမြစ် အသုံးချရေး ဦးစီး ဌာနမှ ဌာနဆိုင်ရာ အကြီး အကဲများ၊ အဆင့်မြင့် ပညာ ဦးစီးဌာန ရန်ကုန် တက္ကသိုလ် ပါမောက္ခ ချုပ်နှင့် ပါမောက္ခများ၊ ကိုလံဘီယာ တက္ကသိုလ် မှ Geochemist ပညာရှင်များ၊ သုတေသန စာတမ်းရှင် များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။
အခမ်း အနား၌ ပညာရှင် များနှင့် သုတေသန စာတမ်းရှင် များက မြန်မာ နိုင်ငံရှိ ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ်နှင့် ကျုံပျော် မြို့နယ် များရှိ ရေတွင်းများနှင့် သောက်သုံး ရေကန်များတွင် Arsenic ဓာတ်ပါဝင်မှုများ ဖြစ်ပေါ်လျက် ရှိရာ သောက်သုံး နေကြသည့် ကျေး လက်နေ ပြည်သူ များ အတွက် ကျန်းမာရေး ဆိုးကျိုးများ ဖြစ်ပေါ် လာနိုင်ကြောင်း၊ သုတေသန ဌာန သုံးခု၏ စစ်တမ်း ဆုံးဖြတ်ချက်များ အရ ၎င်းနေရာ များသည် မြန်မာ နိုင်ငံ၏ Arsenic ဓာတ်ပါဝင်မှု အများဆုံး နေရာများ ဖြစ်ကြောင်း ပြောကြားသည်။
ရေအရင်းမြစ် အသုံးချရေး ဦးစီးဌာန အနေဖြင့် ၎င်းနေရာ များရှိ ရေများအား သောက်ရေ အဖြစ် အသုံး မပြုသင့်ကြောင်း၊ ၎င်းရေကို ကျိုချက်လျှင် Arsenic ဓာတ်ပိုမို များပြားလာနိုင် ကြောင်းနှင့် သောက်သုံးသူများ အတွက် ရေရှည်တွင် အရေပြား ရောဂါများ၊ လည်ပင်းနှင့် ပတ်သက် သည့် ရောဂါများ ဖြစ်ပွားတတ်ကြောင်း သိရသည်။ လက်ရှိတွင် အင်ဒိုနီးရှား နိုင်ငံ နှင့် အခြား နိုင်ငံကြီး များရှိ Arsenic ဓာတ်များသည့် ဒေသတို့တွင် အဆိုပါ ရောဂါများ ခံစား နေရလျက် ရှိကြောင်း၊ ယင်းနှင့် ပတ်သက်၍ ပညာရှင် အဖွဲ့ အနေဖြင့် ကျောင်းကုန်းနှင့် ကျုံပျော် မြို့နယ်များသို့ ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ သွားရောက်၍ သုတေသန လုပ်ငန်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment